သူသိသူတတ်

စန်းစန်းက လေးတန်း မအောင်ရှာဘူး။ ဝဲလောင်တောင်သာနယ်ကနေ ရန်ကုန်တက်လာပြီး အိမ်ဖော်လုပ်နေတယ်။ ကျောင်းစာသာ သိပ်မတတ်တာ၊ နေရာတကာသူသိ သူတတ်ချည်းပဲ။
စန်းစန်းနေရတဲ့ အိမ်က လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းနိုင်ဦးရဲ့ အိမ်ခင်ဗျ။
ဦးသန်းနိုင်ဦးက သူ့တိုက်ခန်းထဲမှာတော့ လျှပ်စစ်အန္တရာယ်နည်းအောင် တတ်နိုင်သမျှ စီမံထားတာပေါ့။ ဒါပေမဲ့ သူမတတ်နိုင်ဘဲ မျက်စိမှိတ်နေရတာကတော့ အိမ်ရှေ့ ဝရန်တာနဲ့ မလှမ်းမကမ်းမှာ လမ်းမီးတိုင်နဲ့ လျှပ်စစ်မီးကြိုးလိုင်း ရှိနေတာပါပဲ။
တစ်ညနေခင်း ဦးသန်းနိုင်ဦး ရုံးဆင်းလို့ အိမ်ပြန်အလာမှာ လျှပ်စစ်မီးကြိုးတန်းမှာ အဝတ်ရေစိုတွေ လှန်းထားတာ အသည်းယားစရာ တွေ့ ရပါလေရော။ စန်းစန်းလက်ချက်ပေါ့။
ဦးသန်းနိုင်ဦးလည်း ချက်ချင်းပဲ စန်းစန်းကို အဝတ်တွေရုပ်ဖို့ ခိုင်းတယ်၊ ဓာတ်လိုက်တတ်တဲ့အကြောင်း ရှင်းပြတယ်။ စန်းစန်းကတော့ အေးဆေးပါပဲ။ 'အန်ကယ်က အခုမှတွေ့ပြီး စိတ်ပူနေ၊ စန်းစန်းဖြင့် လှန်းနေတာ ကြာလှပေါ့၊ ဘာမှဖြစ်ပေါင်' တဲ့။
'နင်တော့ သေတော့မှာပဲ' လို့ ဦးသန်းနိုင်ဦးက ဒေါသနဲ့ ပြောတော့ စန်းစန်းကတော့ ခပ်ပြုံးပြုံးပါ။ 'လမ်းမီးဆိုတာ နေ့မလာဘူးလေ' လို့စန်းစန်းပြန်ပြောတယ်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere