အမှောင်နဲ့အတူ


ညကို စလုံးရေးစတော့
တယ်လီဖုန်းကြိုးလိုကြိုးတွေကြား
အမှောင်ထုက လမင်းကိုဝိုင်းအောင်ရေးနေတယ်
ဝလုံးလေးဝိုင်းဝိုင်းရေး။
အပူရှိန်အရှိန်သတ်မရသေးတဲ့ကန်ရေပြင်မှာ
လေညင်းရဲ့ခြေဖျားထောက်အတို့အထိက
လှိုင်းတွေယိမ်းအကထဲ
ဝဲထနေတဲ့ သံစဉ်တွေတိုးညင်းဖွသီ။
ရနံ့တွေစတင်ဖို့ရာ
အမှောင်သွေးနုသားနုထဲ
ပန်းဝိညာဉ်နဲ့အရိုင်းစိတ်ပွင့်။
နှုတ်သီးတပြင်ပြင်နဲ့ညမုဆိုးများ
အမှောင်ထဲတောင်ပံလုံအောင်ပျံသန်းရင်း
လရိပ်မထိုးတဲ့နံရံက
သားကောင်အငိုက်ကိုချောင်းမြောင်း။
ဓာတ်မီးတိုင်တွေ
သတိလစ်အိပ်ငိုက်ချိန်
ကြယ်ပွင့်လေးများပွတ်တိုက်ရွေ့လျား
တခစ်ခစ်ရယ်မောသံတချွင်ချွင်မြည်ချိန်
လူငယ်တစ်ယောက်အိမ်ပြန်နောက်ကျ
စိုးရိမ်စိတ်တွေ တစ်ပွေ့တစ်ပိုက်နဲ့သက်ပြင်းချချိန်
နှလုံးသားကအမှောင်ကို ချစ်မေတ္တာနဲ့
ဖတ်ကောင်းနေချိန်
လရောင်ရွဲနေတဲ့အမှောင်ထဲ
ညငှက်တွေရဲ့အရိပ်ဟာ လန့်ပျံနေချိန်။
ညကဗျာဟာ ပြတင်းပေါက်ခန်းဆီးစကို လေညင်းနဲ့အတူ
ဖြတ်ဝင်လာတယ်
ကဗျာဆရာ့လက်ကို ကဗျာတစ်ပုဒ်ကဆွဲပြီး
စာမျက်နှာလွတ်တွေအပေါ်
အမှောင်နဲ့အတူ ညထဲခုန်ချလိုက်တယ်
ညအဖွဲ့။ ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere