ငါးနဲ့ ပတ်သက်တဲ့ဟင်းချက်နည်း

(၁)ငါးပေါင်းနည်း
ပါဝင်ပစ်စည်း
ငါးကြင်း(သို့)ငါးတန်(သို့)ငါးပါးနီ ရရာ တစ်မျိုးမျိုး -၁၅ကျပ်သား
သံပုရာသီး -တစ်လုံး
ဆား -အနည်းငယ်
ကြက်သွန်နီ -နှစ်ဥ
ချင်းပါးပါး -၁လွှာ
ကြက်သွန်ဖြူ -တစ်မွှာ
ငရုတ်သီးစိမ်း -၂တောင့်(တစ်တောင့်ကို အနီရောင်ထည့်ပါ)
ငါးပေါင်းပြုလုပ်ပုံ
ငါးကြင်း(သို့မဟုတ်)ငါးတန်ကို အသားလွှာပြီး ဆား၊သံပရာရည်တို့ဖြင့်ဆုပ်နယ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ။ ကြက်သွန်နီဥကြီးနှစ်လုံးကိုလည်း အခွံသင်ပြီး အကွင်းလိုက်လှီးထားပါ။ ချင်းပါးပါးသေးသေး တစ်လွှာလှီး ထားပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ငရုတ်သီးစိမ်း နှစ်တောင့်ကိုလည်း အလယ်မှခွဲထားပါ။အစပ် ကြိုက်ပါက ပိုထည့်နိုင်ပါသည်။ကြွေရည်သုတ် ပန်းကန်တစ်ချပ်တွင် အသားလွှာထားသော ငါးအသားတုံး ကလေးများကို လှပစွာစီတည့်ပါ။ကြက်သွန်နီအကွင်းများ၊ချင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းကလေးများကို ၀န်းရံရွေ့ထည့်ပါ။ထို့နောက် အပေါ်မှ စတီးဟင်းခပ်ဇွန်းဖြင့် ဆီတစ်ဇွန်းဆမ်းပါ။ ငါးပေါင်းရန် အဆင်သင့်ဖြစ် ပါပြီ။ နှစ်ဆင့်ပေါင်းအိုးတွင် အောက်အဆင့်တွင်ရေထည့်၊အပေါ်အဆင့်တွင် ငါးပေါင်းပန်းကန်ပြားအားထည့် ပြီး အဖုံးဖုံး မီးအရှိန်မှန်မှန်ဖြင့် ၂၅မိနစ်ခန့်ပေါင်းပါ။ အကယ်ရွေ့ နှစ်ဆင့်ပေါင်းအိုးမရှိပါကလည်း ဒန်အိုး တစ်လုံးတွင် ရေထည့်၊အုတ်ခဲတစ်လုံးကို ရေမြှုပ်အောင်ထည့်ပြီး အပေါ်မှပန်းကန်ပြားတင်ကာ အဖုံးဖုံးပြီး ပေါင်းနိုင်ပါတယ်။အချိန်ပြည့်ပါက အဖုံးဖွင့်ကြည့်ပြီး ကျက်ပြီဆိုပါက ပူပူနွေးနွေးပင် ပေါင်းသည့် ပန်းကန်ပြားဖြင့်ပင် ပွဲပြင်ရွေ့စားသုံးနိုင်ပါသည်။အဖုံးဖွင့်သည့်အခါ ရေငွေ့များ ငါးပေါင်းပန်းကန်တွင် မကျရောက်စေရန် သတိပြုရပါမည်။


(၂)ငါးပြုတ်လက်သုပ်ပြုလုပ်နည်း
ပါဝင်ပစ်စည်းများ
ငါးကြင်း(သို့မဟုတ်)ငါးပါးနီ -၂၀သား
ကြက်သွန်ဖြူ - ၁၀ဥ
ဆီ -၃ကျပ်သား
ဆား - အနည်းငယ်
ကြက်သွန်နီ - ၂ဥ
သံပရာသီး -၁လုံး
ငါးပြုတ်လက်သုပ်ပြုလုပ်ပုံ
ငါးများကိုအနေတော် အတုံးကလေးများတုံးပြီး တစ်ဖက်ကို မွှန်းရာတစ်ချက်ဆီပေး၊ရေဆူအောင်တည်ပြီး ငါးများကိုပြုတ်ပါ။ ငါးမိနစ်ခန့်ကြာအောင်ပြုတ်ပါ။ တစ်ဖက်ဆီကိုလည်း လှန်ပေးပါ။ အတုံးမပျက် ဆယ်ယူ ပါ။ထို့နောက် ငါးအသားတုံးများကို ဆားသင့်ရုံဖြူးပြီး အသင့်ချက်ထားသော ကြက်သွန်ဖြူဆီချက်ဖြင့်နှံ့ အောင်လူးပေးပါ။ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး သံပရာရည်၊ ပဲငံပြာရည်တို့ဖြင့် အချဉ်ပြု လုပ်ကာ ငါးတုံးများပေါ်တွင် လှလှပပ အုပ်ပေးပြီး ပွဲပြင်ပါ။ နံနံပင်ကိုလည်း အပေါ်မှအုပ်ပေးရန်ဖြစ်ပါသည်။ ပူပူနွေးနွေး စားရန်ဖြစ်ပါသည်။ ငါးပြုတ်ထားသော အရည်တွင် ဟင်းရွက်စိမ်းတစ်မျိုးမျိုးခတ် ပြီး ဟင်းချိုရည် အဖြစ်သောက်သုံးနိုင်ပါသည်။ ငါးပြုတ်လက်သုပ်အတွက် ငါးမှာ အထူးလတ်ဆတ်ရန် အရေးကြီးပါသည်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere