အမေအို



မုနိပလ္လင်ထက်


ထွန်းညှိလျက်တောင်း


ဖယောင်းပမာဇရာအလှ


ရွှန်းရွှန်းမြတည်း။


ဆောင်းနေပမာရောင်ဝါဖျော့လည်း


တစ်နည်းနှယ်လှလောကတာဝန်


ကျေပွန်ပြီတည်း။


ကိုယ်ရင်သွေးများ


ရပ်ဝေး၀မ်းစာပျံသန်းပါလည်း


မာတာစိတ်တွင်


ကန်ရေပြင်သို့ ငြိမ်သတည်း။


မိခင်အလှ၊ မိခင်မေတ္တာ မိခင်သဘာဝကို ဖော်ကျူးတဲ့ နေရာမှာဒီကဗျာလေးကတော့ အတိုဆုံး အလှဆုံးနဲ့ အမိဆုံးလို့ ညခင်းခံစားမိပါတယ်...။မိခင်ရဲ့ အလှကို ဘုရားပလ္လင်ထက်က ကျက်သရေရှိလှတဲ့၊ အရည်ပျော်ကျလို့ ဖယောင်းတွေခဲနေတဲ့ ကုန်ဆုံးလောင်ကျွမ်းခါနီး ဖယောင်းတိုင်နဲ့ တင်စားပြောထားတာပါ။ ဥတုသုံးလီ ရာသီတွေပြောင်းခဲ့ပြီ။နွေအခါတုန်းကတော့ ထိန်ထိန်ညီးလင်းခဲ့တာပါ။ ခုဆောင်းလယ်ရောက်နေပြီ။ ရာသီကုန်ဆုံးတော့မယ်။ ဆောင်းကြွင်းနေဟာ နှင်းမြူတွေကြောင့် နွေခါလို မထိန်လင်းနိုင်ဘူးပေါ့။အဲဒီလိုပဲ ငယ်စဉ်အခါဘ၀ရဲ့ နွေဦးပေါက်မှာ ရွှင်ကြမြူးကြ ပျော်ကြတဲ့အခါကို လွန်ခဲ့ပြီ။

ချစ်သူနဲ့တွေ့၊ အိမ်ထောင်ကျ၊လင်သားပြုစု၊ သားဖွားသမီးမွေး၊လူ့တာဝန်တွေ ကျေပွန်ခဲ့ပြီ။အဲဒီလူ့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ မိခင်အိုရဲ့အလှဟာဆောင်းတွင်းနေလို ယဲတဲ့တဲ့ယိဖျော့ဖျော့ကလေးပဲ လှပနေသေးပါတယ်တဲ့။ ကိုင်း...ဘယ်လောက်ကောင်းတဲ့ တင်စားမှုလဲ။ နိမိတ်ပုံဆို ထင်ပါရဲ့။

တတိယအပိုဒ်ကတော့ အမေလည်းအိုပြီ၊ မွေးကျွေးသုတ်သင်ခဲ့တဲ့ သားတွေသမီးတွေလည်း အတောင်အလက်စုံကြပြီ။ပညာစုံကြပြီ။အချိန်ကျတော့ မိခင်သိုက်မြုံကခွာကြသပေါ့။ ပရိယေသန၀မ်းစားရှာထွက်ကြတယ်။ချစ်သူနောက်ကောက်ကောက်ပါအောင်လိုက်ကြတယ်။အမေအပြစ်မတင်ပါဘူး။ခုချိန်မှာလေ အမေဘာကိုမှ မတွေးတော့ပါဘူး။အမေ့အတွေးတွေဟာ ဟိုရွာထိပ်က ကန်ရေပြင်ကြီးလို နက်နဲစွာနဲ့ တည်ငြိမ်လျက်ပါပဲတဲ့။

ပထမပိုဒ်က မိခင်ရဲ့အလှ၊ ဒုတိယအပိုဒ်က မိခင်ရဲ့ ပသာဒဂုဏ်၊ တတိယအပိုဒ်က မိခင်ရဲ့မေတ္တာနဲ့ က္ကနြေ္ဒကိုတိုတိုလေးနဲ့ ထိထိမိမိဖွဲ့ဆိုထားတာဖြစ်ပါတယ်....။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere