မင်း နှင့် ငါ


ကမ္ဘာပေါ်မှာ

အချစ်တတ်ဆုံး လူသား

ချစ်သူရေ….မင်းလားကွယ်။

မင်းအချစ်တွေ

ညို့ညို့ပြီး ရွာတဲ့ရပ်ဝန်းမှာ

ငါ့ကြည်နှုးမှုတွေ

အခင်းလိုက်ပွင့်ခဲ့တယ်။

မင်းအပြုံး နေရောင်ခြည်အောက်

ငါ့ ယုံကြည်ချက်တွေ ပိုမိုတောက်ပခဲ့၊

မင်း မျက်ဝန်း လရိပ်အောက်

ငါ့ စိတ်ဓာတ်တွေ ပိုမို နှုးညံ့ခဲ့၊

မင်းမေတ္တာ မိုးကုပ် စက်ဝိုင်းအောက်

ငါ့ လုံခြုံမှုတွေ ပိုမို နွေးထွေးခဲ့၊

ငါဟာ

မင်းမြတ်နိုးမှုတွေကို သရဖူ ဆောင်းခဲ့ပြီး

ပျော်ရွင်ခြင်းတွေ စိမ့်ထွက်ခဲ့သူပါ

အားမာန်သစ်တွေ ပျိုမျစ်ခဲ့သူပါ

မျှော်လင့်ချက်တွေ ခမ်းနားခဲ့သူပါ။

မင်း အကြင်နာတွေ

ဖွေးဖွေးလှုပ်အောင် ကြွေနေတဲ့

သိင်္ဂါရ လမ်းမှာ

ငါ့ခြေလှမ်းတွေ သက်ဆုံးတိုင်ချင်တယ်။

မင်းသံယောဇဉ်

နွယ်ရှင်တောမှာ

ငါ့ဘ၀ အမောတွေ အပန်းဖြေချင်တယ်။

မင်းစိတ်ကူး

အဖြူရောင်နုနုပေါ်မှာ

ငါ့ကိုယ် ငါ ကဗျာဖွဲ့ချင်တယ်။

မင်းကတော့….

ဘ၀ ကို ရသမြောက်ဖို့

ဘ၀ ကို ဂုဏ်မြောက်ဖို့

ဘ၀ ကို အလင်္ကာမြောက်ဖို့

ကြိုးစားလို့ သီကုံး

အလှပဆုံး အနာဂတ်ကို

သစ္စာဓားထက်ထက် တစ်လက်နှင့်

ရဲရဲရင့်ရင့်ကြီး စောင့်ကြိုနေဆဲ။

ကမ္ဘာပေါ်မှာ

ကံအကောင်းဆုံး လူသား ငါဖြစ်ချင်တယ်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere