ပိတောက်ရာသီ

နွေရောက်ပြီမို့

ရွှေပိတောက်တို့ ငုံလေပြီ။

မှုန်ဝေရီ ပန်းချီဆေးနဲ့

ဆွေးလျဖွယ့် သည်ရာသီ

စာစီလို့ မီဘူး။

အတာဆီ

ခါတော်မီ ပိတောက်ပန်း

ပွင့်လန်း ပန်ဆင်ခူးရအောင်

ရွယ်စူးကာ သင်္ကြန်မိုး

သွန်းဖြိုးပါဦး။

ပိတောက်ရာသီ ရောက်လာခဲ့ပြန်ပြီနော်…ဒီနေ့ ညခင်း ရုံးကိုရောက်ရောက်ချင်း အမွှေးနံ့လေးတစ်ခုရတာနဲ့ ဒီအနံ့က ရင်းရင်းနှီးနှီးပါ…ဘာပါလိမ့်ဆိုပြီးလျောက်ရှာမိပါတယ်…အော်တွေ့ပြီ…ညီမလေးတစ်ယောက် ရှာရှာဖွေဖွေ ပိတောက်ပန်းတွေယူလာပြီး…ဘုရားပန်းနဲ့ အလှပန်းအိုးလေး ထိုးထား တွေ့ လိုက်ရပါတယ်…ပိတောက်ပန်းလေးကို တွေ့လိုက်ရတော့…သူရဲ့မွှေးရနံ့လေးနဲ့အတူ….နွေ….ပိတောက်….သင်္ကြန်….မြန်မာ နှစ်သစ်ကူး…ထူးမြတ်လှသော ချိန်ခါသမယ လေးရောက်တော့မည်…. ဆိုတာ စိတ်မှာ ချက်ချင်းပေါ်လာခဲ့ပါတယ်…သည်အချိန်အခါတွေ က…မေတ္တာဖြင့်….သစ္စာဖြင့်….ငြိမ်းချမ်းမှုဖြင့်….မြင့်မြတ် စိတ်ကောင်း နှလုံးကောင်းများဖြင့် လောကသည် ကျက်သရေ မင်္ဂလာ တင့်ရွှန်းနေလေချိန်ဖြစ်ပါတယ်…။

ပိတောက်ပန်းကို မြန်မာတို့ဟာ...ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်တဲ့ ဓလေ့ရှိပါတယ်…

နွေဦးလေပြေ၀ယ် ဥသြငှက်ငယ်၏ လွမ်းဆွတ်သံနှင့် သင်္ကြန်တေးသံ များ မကြာခင် မျောလွင့် လာတော့မှာပါ လား…ထို့အတူ မြေသင်းရနံ့နဲ့ ပိတောက်ရနံ့လေးဟာလဲ နှစ်သစ်မင်္ဂလာ ကို ရွှင်လန်းတက်ကြွစွာ စတင်ဖို့နှိုးဆော်နေပါပြီလားလို့ ညခင်းတွေးမိသွားပါတယ်…သင်္ကြန်မိုးစောလျှင် ပိတောက်ပွင်ဦးစောမည်။ သင်္ကြန်မိုး နှောင်းလျှင် ပိတောက်တို့မိုးရနံ့ကိုမျှော်ရမည်။

မည်သို့ပင်ဖြစ်စေ သင်္ကြန်မိုးသည် ရွာပါသည်။

ပိတောက်ရွှေလည်း ၀ါပါသည်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere