နိုးတစ်ဝက် အိမ်မက်

ကျွန်မ ပင်ပန်းနေပါပြီ…။ တကယ်ဘဲ ပင်ပန်းလှပါပြီ။ ဒီစကားလုံးတွေကို ကျွန်မကို ကျွန်မ အားတင်း ဖို့
ရွှတ်နေတာလား။ ဖြေသိမ့်ဖို့ ရွှတ်နေတာလားဆို တာတောင် ကျွန်မကို ကျွန်မ မဝေခွဲတတ်တော့ ပါဘူး။
စောစောက ကျွန်မလမ်းလျှောက်နေတယ်။ အခု ထိုင်နေတယ်။ ညခင်းဟာ ရီဝေ ဆွတ်ပျံ့ဖွယ်ပါ။
စောစော မြူတွေဆိုင်းနေပေမယ်….အခုတော့ လမ်းမီးရောင်ကြောင့် မှုန်ဝါးသွားရပြီ။ သစ်ရွက်တွေ
လမ်းလျှောက်သံ တရှဲရှဲကို ကြားရတယ်။ ကျွန်မခေါင်းထက်က စကားဝါနံ့ကလည်း သင်းပျံ့တယ်။
ပင်ပန်းတယ်ဆိုတဲ့ အခြေအနေရဲ့ နောက်မှာအားငယ်မှုတွေ၊ အနာဂတ်မဲ့မှုတွေ ဘယ်လောက်ပါ နေသလဲ။
တဖြည်းဖြည်း လေးလံပိကျလာ တဲ့ စိတ်ခံစားမှု တစ်ခုဟာ ကျွန်မ ခန္ဒ္စာကိုယ်ကို တစ်စတစ်စ ကိုက်ဖဲ့နေပါပြီ။
ကဲ…ကျွန်မ ဘာလုပ်ရမလဲ။ မိန်းမသား ဆိုတဲ့ ဘ၀ဖြစ်တည်မှုက အရာရာနဲ့ ကျွန်မကို ခွဲခြားထားတာ
ကြာခဲ့ပါပြီ။
ငယ်ငယ်တုန်းက ဖေဖေ့ကို အားကျတယ်။ ဖေဖေ ရဲ့ သန်မာတဲ့ လက်မောင်းလုံးတွေကို ခိုစီးတိုင်း
ကျွန်မတို့ မောင်နှမတွေ ပျော်လိုက်ကြရတာ။ ဖေဖေက ကျွန်မတို့မောင်နှမနဲ့ ဘောလုံးကန်တယ်။
ရေကူးတယ်။ ငါးမျှားတယ်။ ပွဲဈေးကြည့်တယ်။ ကျွန်မဖြစ်တည်မှုက ဖေ့ဖေ့ရဲ့ အခွင့်အရေးကို လုံးဝ
မထိခိုက်ခဲ့ပါဘူး။
သမီးလေး …ဒီကနေ့က စလို့ အနေအထိုင်ဆင်ခြင်ရမယ်နော်။ မေမေတို့ မိန်းမသားတွေမှာ သီးသန့်
သတ်မှတ်ထားတဲ့ စံအတိုင်း တန်ဖိုးတွေရှိတယ်။ မိန်းမတစ်ယောက်ရဲ့ ဘ၀ဟာ စံတန်ဖိုး တွေနဲ့
ကင်းကွာလို့ မရဘူး။ မုန်းလိုက်တာ။ ဗြုန်းခနဲ့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ကျွန်မ လက်မခံချင်ဘူး။
ကန့်လန့်ကာခြားသွားပါပြီ။ ငယ်ဘ၀ ရဲ့လွတ်လပ်မှု….။ မိုးရေထဲလမ်းမလျောက်ရဘူး။
ခြေသံမကြားအောင်လမ်းလျှောက်ရမယ်။ ပိုက်ကွန်တွေဟာ တစ်ခု ပြီး တစ်ခု အုပ်မိုးလို့။ ကျွန်မ အခန်းဟာ
ကျဉ်းမှန်းမသိ ကျဉ်းလာတယ်။
ဟိုကမ္ဘာ မြေပြင်ရဲ့ အနားသတ် တွေအထိ တစ်ရက်ပြီး တစ်ရက်စွန့်လွတ်နေမိတယ်။ အဲဒီလိုအချိန်မှာ ပဲ…
မျက်ဝန်း က အညိုရောင်…နှုးညံ့တဲ့ အပြုံးက ဖေဖေ့အပြုံးနဲ့တူတဲ့ မောင် ကို တွေ့ …ခဲ့ တယ်။
မွတ်သိပ်မှုအပြည့်နဲ့ အခိုးဝေ နေတဲ့ သူ့မျက်လုံးတွေရဲ့ အရိပ်ကို ကျွန်မ နားလည်ခဲ့ ရပါတယ်။
အဲဒါ ကျွန်မရဲ့ ကိုယ်ပွားပါ။ ကျွန်မရဲ့ ပုံတူပါ။ နာကျင်နေတဲ့ ကြားက အံကြိတ် လိုက်တဲ့အခါ
ကျွန်မ နှစ်ပေါင်းများစွာက တောင်.တ နေတဲ့ ကျွန်မ ၀ိညာဉ်ထဲက အားမာန်ကို ပြန်တွေ့လိုက်ရ ပါတယ်။
လောက ရဲ့ နံနက်ခင်းတွေကို အာရုံခံစားဖို့ ကျွန်မ သတ္တိ တွေရရှိခဲ့တယ်။
ဘယ်သူက ဘယ်သူဘ၀ထဲ ကို တိုးဝင်နေတာလဲဆို တာ စဉ်းစားရင်း အဖြေရှာမယ်…။ တောက်ပတဲ့
မျက်နှာကျက်ဟာ အရောင်မျိုးစုံနဲ့ ကျွန်မခေါင်းပေါ်မှာ….၊ တဖျပ်ဖျပ် လွင့်နေတဲ့ ခန်းဆီးစ၊ ….ဟော…
အမှောင်ဟာ တဖြည်းဖြည်း သိပ်သည်းလာပြီ။ အဝေးက သံချောင်း ခေါက်သံဟာ…၁ ချက်လား။
၂ချက်လား…….။ ကျွန်မ ခန္ဒ္စာကိုယ်ထဲက အတ္တတစ်ခု….၊ အားလုံးဟာ မှုန်ဝါးဝါးပါ…။ ဒါပေမယ့် အရာရာ
ပေါင်းစပ်လိုက်တဲ့ အခါ ကျွန်မ ခေါင်းအုံး ဟာ မျက်ရည်တွေနဲ့ ရွှဲစို နေခဲ့ပါပြီ။
မိန်းမသား ဆိုတဲ့ ဘ၀ဖြစ်တည်မှုက အရာရာနဲ့ ကျွန်မကို ခွဲခြားထားတာ ဘာတွေများထပ်ပြီး ခွဲခြား ဦးမှာလဲ။
မနက်ဖြန်မှာ ကျွန်မကိုယ် ကျွန်မ ပြန်တွေ့နိုင်ပါ ဦးမလား။ အဝေးက တေးဆိုသံ တွေကြားတဲ့အခါ၊
ခေါင်မိုးသွပ်ပေါ်ကို မိုးစက်တွေ ကျတဲ့အခါ၊ ဆောင်းမနက်ခင်း တွေမှာ ကျွန်မ လမ်းလျောက်ထွက်တဲ့
အခါ၊ကမ္ဘာ လောကဆီက ရနိုင်သမျှ အခွင်အရေးတွေ ကျွန်မ ရချင်ပါသေးတယ်…။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere