ကာရန်မမီသော မေတ္တာ (အမေများနေ့)

ပြာသိုလပြည့် အမေများနေ့ အားဂုဏ်ပြုခြင်း။


နေပူတံလျှပ်မျှမခပ်ရလေအောင်...မှက်ခြင်ယင်၊ပျားတို့ မနားသက်ရအောင် အရိပ်တကြည့်ကြည့် ပိုးမွေးသလို မွေးခဲ့ရသည့် မိနှင့်ဖ အား ဦးချ ကန်တော့ပါသည်။

ကလလရေကြည် သန္ဒေတည်ဦးစကပင် ပူ-ငန်-စပ်-ခါး ရှောင်ရှားကာ အာဝေဏိက ဒုက္ခများကို ရင်နှင့်အမျှ ပေါင်းစပ် သိမ်းရုံး မပျက်သော အပြုံးဖြင့် နို့ရည် နို့သွေးတိုက်ကျွေးခဲ့သူ အမေ။

စားဝတ်နေမှုအစုစုနှင့် လူရေးလူရာ သိစိမ့်ငှာဟု လူမှုရှင်မှု နှစ်ဖြာစု ၌ မချို့ ရအောင် ဆိုရေးဆိုရာ ဆိုအပ်စွာသော လောကသခင် ကျေးဇူးရှင်ကား အဖေ။

သန့်စင်သော အရောင်အဆင်း ပြည့်ဝသည့် ရွှေစင်သည် ရွှံ့နွံ၌ ပစ်သော်လည်း မြူမတင်လေဘိသို့၊ သားတို့အပေါ် အပြစ်မြူတစ်စမထင်၊ အချစ်ဟူသမျှလွှမ်းဆုံ သက်လုံးပုံရှာသော မိဘတို့ ။

ခပ်သိမ်းကုန်သော သတ္တ၀ါတို့၏ တည်ရာမှီရာသည် ပံသု ပထ၀ီ မဟီမြေကြီးဖြစ်ဘိသကဲ့သို့၊ သားသမီးတို့၏ အားထားရာ မှီခိုရာ ကျောက်တောင် ထုသည် မိဘနှစ်ပါး။

မြစ်ကြီးငါးစင်း တို့သည် သမုဒ္ဒရာ သို့ရောက်လျှင် အမည်ကို စွန့်သကဲသို့ သားသမီး ၌ ရောက်သော မိဘမေတ္တာသည် မိမိကိုယ်ကျိုး၊ အတ္တအလုံးစုံကို စွန့်၏။

မြင်မိုရ်တောင်သည် ရွှေငွေမြဖန် အရောင်လေးတန်ဖြင့် ထွန်းလင်းသကဲ့သို့၊ မိဘတို့ နှလုံးသားမြင်မိုရ်ဝယ် သားတို့အပေါ် ကိုယ်နှင့်အမျှ ချစ်သော မေတ္တာ၊ စာနာသနားခြင်း ဂရုဏာ၊ ကောင်းစားသည်ကို ၀မ်းမြောက်သော မုဒိတာ၊ အရာတိုင်းတွင် ခြိုးခြံသော အနစ်နာ မေတ္တာရောင်တို့ဖြင့် လှပပါဘိ။

ဒီနေ့ဟာ ပြာသိုလပြည့် အမေများနေ့ ဖြစ်တဲ့အတွက် အမေမေတ္တာ အနန္တတို့အား ပူဇော်လျှက်....


သားဦးမြေးဦး
အရှုးရှုးတဲ့
ကမ္ဘာဦးရှေးထုံး
အထွေးဆုံးမို့ ပို ချစ်သတဲ့လေ။

အမေရယ်
မဦးမနှောင်း
သားသမီးပေါင်းများစွာထဲ
စာမတင်  မထင်ရှားလဲ
အလယ်သားသမီးဖြစ်က
အချစ်မ၀ မ၀င့်ထည်
မျက်မှာငယ်လည်း ချစ်နိုင်လွန်းသတဲ့လေ။

အမေ့နား အနေနှီး
ရင်တွင်းသမီးအဖြစ်နဲ့
အမေ့ရဲ့ချစ်မေတ္တာ
ရင်မှာ တစ်ဝကြီး
အပိုင်စီးချင်စမ်းရဲ့လေ။

နွေးထွေးတဲ့ အမေရင်ခွင်
ချိုလွင်တဲ့ အမေ့စကား
အသက်တွေဘယ်လောက်ကြီးကြီး
ပျက်စီးမသွားခဲ့
အံသြ နပန်း
လန်းဆန်းနေတာ
ယုံကြည်လျှက်ပါအမေ။

အမေပေးတဲ့အား
အမေ့နှုတ်မြွက်စကားနဲ့
အမေ့ကိုယ်ပွားရင်သွေးအဖြစ်
အမျိုးချစ်တာဝန်ကျေ
စေတနာတွေ ပေးဝေရင်း
မွေးမေ ပီတိဆေး လွှမ်းလို့
ရင်မှာ ၀မ်းသာစမ်းပါအမေ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere