မရဏာဿတိကမ္မဌာန်း

ညခင်း ဒီရက်အတွင်း ပိုစ့် မတင်နိုင်ပေမဲ့ လာလည်ကြတဲ့မောင်နှမများကို ကျေးဇူးတင်ပါတယ်။
ညခင်း မအား ရခြင်းအကြောင်းကတော့ ညခင်း ရဲ့ ဘိုးဘိုး သေဆုံးသွားတဲ့အတွက် ၀မ်းနည်းရင်းနဲ့ အလုပ်များ ရှုပ်နေသောကြောင့်ဖြစ်ပါတယ်။စိတ်ပင်ပန်းလူပင်ပန်း နှင့် စိတ်ပြေရာပြေကြောင်းစာအုပ်များကို ရှာဖွေ ဖတ်ရင်း ဓမ္မဒူတ အရှင် ပညာဿရ ၏ (မငိုကြသော မိသားစုနှင့် ဓမ္မစာစုများ) စာအုပ်လေးကိုဖတ်ရင်း။... သိရှိခဲ့ရသမျှကို ဆက်လက်မျှဝေချင်ပါတယ်။

ကွဲကွာခြင်း သို့မဟုတ်ခွဲခွာခြင်း ဆိုသည်မှာ ထုတ်ပစ်၍ မရစကောင်းသသော လူဘ၀ ၏ သင်္ကေတ တစ်ခုပင်ဖြစ်သည်။မည်သူမဆို ထိုသဘောတရားနှင့်ကင်းကင်းရှင်းရှင်းနေချင်ကြသော်လည်း အလိုဆန္ဒမပြည့်ဝနိုင်ကြပါ။ မည်သို့ပင် ကြိုးပမ်းလုံ့လပြု တားဆီးကြစေကာမူ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကွေကွင်းရခြင်းနှင့် ရင်ဆိုင်တွေ့ကြသည်သာဖြစ်သည်။

ချစ်မြတ်နိုးသော သူ၊ ကြိုက်နှစ်သက်သည့်အရာဝတ္တုတို့နှင့် မကွဲမကွာနေရပါသည်။ စိတ်တိုင်းကျ ဘ၀တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ပါသည် ဟု ကျေနပ်နေစေ ဦးတော့ ဘ၀ နိဂုံးတွင် မရဏတရားသည် မိမိနှင့် အရာခပ်သိမ်းကို စည်းခြားထားလိုက်သည်သာဖြစ်၏။

သေဆုံးသူနှင့် ကျန်ရစ်သူတို့တွင် သေဆုံးသွားသူ ဟိုတစ်ဘက် ဘ၀တွင် မည်သို့ခံစားနေရသည်ကို မသိသော်လည်း ကျန်ရစ် သူတို့မှာ ငိုကြွေး၍ မဆုံးနိုင်ကြ၊လွမ်းဆွတ်၍ မဆုံးနိုင်ကြ ပိုချစ်မိလေ၊ သောက၏ ဒဏ်ကို ပိုခံရလေဖြစ်သည်။

သုခရှိလျှင် ဒုက္ခရှိတတ်၏ ပျော်စရာရှိလျှင် ၀မ်းနည်းစရာရှိတတ်၏။ဟု နားလည်သဘောပေါက်ထား၍ သတိလက်လွတ်မနေ၊ တစ်အိမ်သားလုံး ကုသိုလ်တရားများ၊ ကိုယ်စောင့်တရားများကို မပြတ်ပွားများထားရမည်။။ အသက်ရှင်နေထိုင်ရခြင်း၏ အဆုံးသတ်ချိန်မှာ သေမင်းခေါ်ချိန်ပင်ဖြစ်သည်။မသေမပျောက်နေကြရမည်မဟုတ် အချိန်မရွှေးသေနိုင်ကြသည်။

ငါ၏အသက်သည် မမြဲပါတကား၊
ငါ၏ သေခြင်းသည်သာ မြဲပါ၏တကား၊
ငါသည် မချွတ်ဧကန် သေရမှာပါတကား၊
ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းသေခြင်းသာလျှင် အဆုံးရှိချေတကား။
သေခြင်းသည်သာ မြဲပါတကား။

ဟု မရဏာဿတိကမ္မဌာန်း အစဉ်နှလုံးသွင်းလျှက် နေ့စဉ်ပွားနေကြရန် ညွန်ပြထားပါသည်။


ပျော်ရွှင်ကြပါစေ...
ညခင်း

8 comments:

Welcome said...

အမြဲ နှလုံးသွင်းနိုင်အောင်
မှတ်သားသွားပါတယ် .. ။

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ
ခင်မင်လျက်
ဝင်းဇော်

အိမ် said...

အဖိုးဆုံးသွားတာ စိတ်မကောင်းပါဘူးဗျာ။ ခုလိုတရားနဲ့ပြေနိုင်တာ
လဲ ကောင်းသော အပြုအမူပါပဲ။
မှတ်သားစရာတွေလဲ ဖတ်မှတ်နာယူသွားပါတယ်။

ဝလုံးဝိုင်းဝိုင်း said...

မမြဲခြင်း သဘောတွေကို ဖတ်ရှု မှတ်သားသွားပါတယ်။ အချိန် ရသမျှ နှလုံးသွင်း ဆင်ခြင်မှုပြုပြီး လူ့ဘဝထဲကနေ ကောင်းမှုများကို သယ်ဆောင် သွားကြသင့်တယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

မာရေးသျှင် said...

သာဓု သာဓု သာဓု
ညခင်းရဲ့ ကုသိုလ်အမျှ ရောက်လေရာဘုံဘဝမှ ဘိုးဘိုးရပါစေ
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိခြေသသည်တကား
E-Journal

မိုးခါး said...

အင်း မိုးခါးတို့ ဖိုးဖိုးလည်း သင်္ကြန်မတိုင်ခင်ပဲဆုံးသွားခဲ့တာ .. ကြာခဲ့ပါဘီ .. ဒီနေ့ အိမ်မှာ ဆွမ်းကပ်ကြသေးတယ် ..

mgnge said...

လူတိုင်းလူတိုင်း သေဆုံးရမှာ ဓမ္မတာ ပါ...။

တရားသဘောနှလုံးသွင်းနိုင်ရင်တော့ ကောင်းတာပေါ့..။
နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေဗျာ......။

ကောင်းကင်ပြာ said...

ညခင်းရဲ့ ဘိုးဘိုး အတွက် စိတ်မကောင်းပါဘူး၊ ညခင်းပြုသမျှ ကုသိုလ်တွေ ဘိုးဘိုးရပါစေနော်၊ တရားသဘောတွေ နှလုံးသွင်း နိုင်၇င် အကောင်းဆုံးပါ

မသက်ဇင် said...

ညခင်းရယ်--ဖိုးဖိုးအတွက် ထပ်တူဝမ်းနည်းပေးပါတယ်--
ညခင်းက တရားရှိပြီးသားပါ

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere