လက္ခဏာတော်ကြီး (၂)ပါး

ညခင်း တို့ မြတ်စွာဘုရား ဟာ အလောင်းတော်ဖြစ်စဉ် ဘ၀များစွာတွေမှာ မဟုတ်မမှန်ပြောကြားမှု မုသားစကားကို ရှောင်ကြဉ်တော်မူကာ ဟုတ်မှန်သော စကားကိုသာ ဆိုတော်မူခဲ့ပါတယ်။ ဟိုတစ်မျိုး သည်တစ်မျိုး စကားနှစ်မျိုးပြောလေ့မရှိဘဲ ကတိသစ္စာခိုက်မြဲတည်ကြည်တော်မူပါတယ်။ တစ်ဖက်သားကို လိမ်လည်လှည့်စားခြင်း၊ ကင်းရှင်းတော်မူပြီး လူအများသက်ဝင်ယုံကြည်ရတဲ့စကားကိုသာ ဆိုတော်မူတယ်။ မုသားမပါ လင်္ကာမချော ဟောပြောလေ့မရှိခဲ့ပါဘူး။

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံနေစဉ် ဘုရားအလောင်းတော် ဟာသူဌေးသားတစ်ဦး လာဖြစ်ပါတယ်။ ဗာရာဏသီပြည်ရဲ့ မြို့တွင်းတစ်နေရာမှာ ပဒုမ္မာကြာပွင့်နေတဲ့ ရေကန် တစ်ကန် ရှိပါတယ်။ အဲဒီ ကြာကန် ကို စောင့်တဲ့သူဟာ နှာခေါင်းပြတ်နေပါတယ်။

တစ်နေ့မှာတော့ နက္ခတ်ပွဲသဘင်ကို ပန်းပန်ပြီးသွားလိုတဲ့ အတွက် ဘုရားအလောင်းအပါအ၀င် သူဌေးသားသုံးယောက်ဟာ ပဒုမ္မာကြာပန်းတောင်းဖို့ ရေကန်ကို ရောက်လာကြပါတယ်။ အဲဒီအချိန်မှာ ရေကန်စောင့်ကလည်း ကြာပန်းတွေ ချိုးယူနေချိန်ဖြစ်ပါတယ်။

သူဌေးသား (၃)ယောက်ထဲက

ပထမသူဌေးသားက ဆံပင်၊ မုတ်ဆိတ်တွေဟာ ရိတ်ဖြတ်ပြီးတိုင်းပြန်ပေါက်လာသလို သင့်နှာခေါင်းလည်း အသစ်ပြန်ပေါက်လာမှာပ၊ ပြန်ပေါက်လာပါစေလို့ ဆုတောင်းပေးပါတယ်။ ငါ့ကိုကြာပန်းတစ်ပွင့် လောက်ပေးပါလို့ ပြောပြီးတောင်းတယ်။ ရေကန်စောင့်က မဟုတ်တာလိမ် ပြောတယ်ဆိုပြီး အမျက်ထွက်ပြီး ကြာပန်းမပေးပါဘူး။

ဒုတိယ သူဌေးသားကလည်းရေကန်စောင့်ကို လယ်ယာမြေပေါ်မှာ စိုက်ပျိုးတဲ့မျိုးစေ့ အပင်ပေါက်လာ သလို သင့်နှာခေါင်းလည်းပြန်ပေါက်လာနိုင်ပါတယ်။ ငါကိုလည်းကြာပန်းတစ်ပွင့်ပေးပါ လို့ပြောပြီး တောင်း ပါတယ်။ ရေကန်စောင့်ဟာ မဟုတ်တာလိမ်ပြောတယ်ဆိုပြီး လှည့်တောင်မကြည့်ပါဘူး။

ဘုရားအလောင်းဖြစ်တဲ့ တတိယ သူဌေးသားကတော့ မိတ်ဆွေ ၊ ကျွန်တော်ရဲ့သူငယ်ချင်းနှစ်ယောက်က ကြာပန်းတွေ လိုချင်လို့ သင့်ကိုမြှောက်ပင့် ပြောဆိုကြတာပါ၊ တကယ်တော့ သူတို့ဘယ်လိုပဲပြောပြော ပြတ်သွားတဲ့ သင့်ရဲ့ နှာခေါင်းကတော့ပြန်ပေါက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ကြာပန်းလိုချင်ပါတယ်။ ကြာပန်းတစ်ပွင့်လောက်ပေးပါလို့ ပြောပြီးတောင်းတဲ့အခါ ရေကန်စောင့်က သင့်မိတ်ဆွေတွေဟာ မဟုတ်မမှန်လုပ်ကြံပြီး မုသာဝါဒပြောကြတယ်။ သင့်ကတော့အမှန်အတိုင်းပြောဆိုသူဖြစ်တာမို့ ကြာပန်း ရထိုက်ပါတယ်လို့ပြောဆိုကာ ပဒုမ္မာကြာပန်းစည်းကြီးတစ်စည်း ပေးလိုက်ပါတယ်။

အဲဒီလို ထူးခြားတဲ့ အကြောင်း ကောင်းမှုကုသိုလ်ကံတွေကြောင့် အလောင်းတော်သူမြတ်ဟာ နတ်ပြည်နတ်ရွာမှာ ဂုဏ်ထူး (၁၀)ပါး နဲ့ တခြားနတ်တွေထက်သာလွန်ထူးကဲစွာ ခံစားစံစားရပါတယ်။ နတ်ပြည်က စုတေပြီး လူ့ပြည် လူ့ရွာရောက်လာတဲ့အခါမှာလည်း မွေးညင်းတော်တွေဟာ မွေးညင်းတွင်း တစ်တွင်းမှာ တစ်ပင်၊ တစ်ပင်စီသာ ပေါက်ခြင်းဆိုတဲ့ ဧကေကလောမတာ လက္ခဏာတော်နဲ့ မျက်ခုံးတော် နှစ်ဖက် ရဲ့အလယ် (ဗဟို)ချက်မှာ ဥဏ္ဏလုံမွေရှင်တော် ပေါက်ရောက်ခြင်းဆိုတဲ့ ဥဏ္ဏလောမတာ လက္ခဏာတော်ကြီး (၂)ပါးနဲ့ ပြည့်စုံတော်မူပါတယ်။

အဲဒီလို ထူးခြားတဲ့ လက္ခဏာတော်(၂)ပါးပြည့်စုံတော်မူတာကြောင့် အလောင်းသူမြတ်ဟာ လူ့ဘောင်မှာ နေရင် စကြာမင်းအဖြစ်နဲ့၎င်း၊ တောထွက် ရဟန်းပြုရင် သဗ္ဗညုမြတ်စွာဘုရားအဖြစ်နဲ့၎င်း၊ နောက်တော်ပါး က ခစား မကွာလိုက်ပါသူ ဟုသမျှ တွေဟာ ရှင်တော်ဘုရားရဲ့ အလိုတော်ကျအောင် နေကြ၊ ကျင့်ကြ၊ အားထုတ်ကြခြင်းဆိုတဲ့ အကျိုး ဆက်ကို ရတော်မူပါတယ်။

ရှင်တော်ဘုရားရဲ့ အကြောင်းကောင်းမှု၊ အကျိုး လက္ခဏာတော်၊ လက္ခဏာတော်ရဲ့ အကျိုးဆက် ဒီ (၃)ချက်ကို ဆင်ခြင်နှလုံးသွင်းကာ ဗုဒ္ဒါနုဿတိဘာဝနာပွားများပြီး မိမိတို့လည်းမုသားစကားမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ စကားနှစ်ခွ မပြောမိကြစေဘဲ သစ္စာ စကားကိုသာ ပြောဆိုမိအောင် သတိထား ကြရမည်ဖြစ်ပါသည်။


မှတ်သားမိသမျှ ပြန်လည်မျှဝေပါသည်...
ညခင်း


9 comments:

flowerpoem said...

မီးကလိမ်ပြောတတ်ဘူးနော် နည်း၂ပဲညာမှာ ဟီး၂..ပျော်ရွင်ပါစေ ညခင်းနဲ့လမင်း . .

Rita said...

မျှဝေပေးတာ ကျေးဇူးတင်ပါတယ်

Welcome said...

မကြီး
ရိုရိုသေသေ ဖတ်သွားတယ်
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်

မိုးခါး said...

ညခင်းရေးသမျှ မှတ်သားစရာကြီးပဲး)

Daywalker said...

ဆက်စဉ်းစားစရာက... အမှန်ပြောရင် ရွာပြင်ထုတ်ထားတတ်တယ် ဆိုတာပါ၊ White lie ဆိုတာလည်း ရှိနေပါသေးတယ်။ သူများကို ဒုက္ခမပေးဘူးဆိုရင် White lie ကို ဆိုသင့်တယ်လိုလည်း ပြောကြပြန်ပါတယ်။

စဉ်းတော့ စဉ်းစားစရာပါပဲ......
အမှန်တွေချည်း ပြောလို့မရတာတော့ သေချာပါတယ်...
အကောင်းဆုံးကတော့ နှုတ်ပိတ်နေလိုက်တာပဲလား မသိပါ။

ကျေးဇူးပါ၊ လာရောက်ဖတ်ရှု စဉ်းစားသွားပါတယ်။

mgnge said...

ဒီခေတ်မှာ သွားပြောကြည့်ပါလား ... ထောင်ထဲက ထွက် ရမှာမဟုတ်ဘူး (ဟိဟိ)

စတာ .. ဗဟုသုတ မျှဝေပေးတာကျေးဇူးပါ

Upasaka said...

ကျေးဇူးတင်နေရ ပါတယ် ဗျာ ပုံတော်ကို မှန်ပြီး ဂုဏ်တော်တွေ ပိုကြည် ညိုရ လို့

ဝလုံးဝိုင်းဝိုင်း said...

မြတ်ဗုဒ္ဓရဲ့ လက္ခဏာတော်များကို လေးမြတ်ကြည်ညိုစွာ နှလုံးသွင်း မှတ်သားသွားပါတယ်။ ဆက်လက်မျှဝေ နိုင်ပါစေ။

အိမ် said...

မှတ်သားသွားပါတယ်ဗျာ

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere