အမေ့ထဘီချေး

မာတာပိတူ ဥပဌာနံ၊ ဧတံမင်္ဂမုတ္တမံ။
မိဘကိုလုပ်ကျွေးပြုစုခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
မြင်းမိုရ်ရွှေတောင် မိဘကျွေးကို
ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။

မင်းတုန်းမင်းကြီးလက်ထက်က ပညာရှိအမတ်ကြီးဦးချိမ့်ဆိုတာ ရှိတယ်။ ဦးချိမ့်ဟာ သူ့အမေရဲ့ ထဘီကို ကိုယ်တိုင် လျှော်ပေးတယ်။ အိမ်ဖော်လို့ခေါ်တဲ့ အခိုင်းအစေတွေရှိပေမယ့် ဘယ်တော့မှမလျှော်ခိုင်းဘူးတဲ့။ သူ့ရဲ့ လျှော်ပုံကတော့ သူ့အမေရဲ့ထဘီကို အင်တုံထဲမှာ တစ်ညဥ့်စိမ်ထားလိုက်တယ်။ မနက်ကျတော့မှ အင်တုံထဲထည့်ထားတဲ့ ထဘီကို ညှစ်ပြီး အင်တုံထဲမှာရှိတဲ့ ထဘီချေးရေတွေကို သွန်မပစ်ဘဲ သိမ်းထားလိုက်တယ်။ ထဘီကိုတော့ ဆက်လျှော်ပေါ့။

တအောင့်လောက်ကြာတော့ ထဘီစိမ်ထားတဲ့အင်တုံထဲက အပေါ်ယံရေကြည်တွေကို သွန်ပစ်လိုက်တယ်၊ ဒီတော့ အင်တုံထဲမှာက ထဘီချေးအနှစ်ကလေးတွေ ကျန်နေခဲ့တယ်။ အဲဒီချေးအနှစ်ကလေးတွေကို နေလှမ်း၊ ခြောက်တဲ့အခါကျတော့ ကျောက်ပြင်မှာမှုန့်အောင်ကျိတ်တယ်။ အမှုန့်ကလေးတွေလည်းရလာရော သူတို့ခေတ်ကရှိတဲ့ နံ့သာဆီတို့ပန်းပေါင်းဆီတို့ သနပ်ခါးတို့နဲ့ ရော ကျိတ်ပြီး နားပန်တယ်။ ပညာရှိ အမတ်ကြီး ဦးချိမ့်ဟာ နန်းတော်ဘုရင့်ဆီ အခစားဝင်တဲ့အခါတိုင်း စောစောကပြောသလို အမေ့ထဘီ ချေးမှုန့် လေးတွေကို ပန်ပန် ၀င်လေ့ရှိတယ်တဲ့။ သူတို့ခေတ်ကတော့ နားပန်တာပေါ့လေ။

ပညာရှိအမတ်ကြီးဦးချိမ့်ဟာ အမေ့ထဘီချေးကို အမြဲပန်ခဲ့တာနဲ့ပဲ ဘ၀မှာ အစစအရာရာ အဆင်ပြေခဲ့တယ်တဲ့။
ဘုရင်ကလည်းဘွဲအများကြီးချီးမြှင့်ခဲ့တယ်။ ပြီးတော့ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ အီတလီ စတဲ့နိုင်ငံတွေကိုလည်း သံတမန် အနေနဲ့လည်းသွားရောက်ခဲ့ရတယ်။ အဲဒီနိုင်ငံက နိုင်ငံခေါင်းဆောင်တွေကလည်း သူ့ကို ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ် တွေပေးခြင်းလည်းခံခဲ့ရတယ်။ မိဘကို သက်ရှိထင်ရှား ရှိချိန် မှာ ရိုသေခြင်းဆိုတဲ့ မင်္ဂလာ နှင့်အညီ ကျင့်ကြံနေထိုင်တဲ့အတွက် အကျိုးကျေးဇူးထူးကို ရရှိခြင်းဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ကိုးကား...(ပညာယှိကြီးများအကြောင်း ၊မှော်ဘီဆရာသိန်ကြီး)

မိဘကျေးဇူးဆပ်နည်းကို ဆက်ရေးမယ်နော် (၂)နည်းရှိပါတယ်.....

သားသမီးများအနေဖြင့် တာဝန်ကျေသောသားသမီးများအဖြစ် စားသောက်ဖွယ်တွေ ပစ္စည်း ၀တ္တူတွေနဲ့ ထောက်ပံ့ခြင်း၊ဝေယျာဝစ္စပြုစုမှုတွေနဲ့ပြုလုပ်ခြင်းတို့ဖြင့် ကျေးဇူးဆပ်နေကြမှာပါ။ ဒါတွေကတော့ လောကီ နည်းနဲ့ကျေးဇူးဆပ်နည်း တွေပါပဲ။

လောကီနည်းနဲ့ကျေးဇူးဆပ်ပြီးရင် တစ်ဆင့်တတ်ပြီး လောကုတ္တရာနည်းနဲ့ကျေှးဇူးဆပ်ဖို့လည်းလိုပါတယ်။

လောကုတ္တရာနည်းနဲ့ကျေးဇူးဆပ်ပုံကတော့...

၁။ သဒ္ဒ္စါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဒ္စါတရားရှိလာအောင်။
၂။ သီလမဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။
၃။ ဒါနမပြုဖြစ်တဲ့မိဘတွေ ဒါနပြုဖြစ်လာအောင်။
၎။တရားအားမထုတ်ဖြစ်သေးတဲ့မိဘတွေတရားအားထုတ်ဖြစ်လာအောင်ပရိယာယ်နဲ့ပဲဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ် ဖန်တီး စီစဉ်ပေးရပါမယ်။

မိဘကို လောကီနည်း၊ လောကုတ္တရာနည်း ၂မျိုးနဲ့ကျေးဇူးဆပ်နေတဲ့ သားသမီးကို မင်္ဂလာတရားက သူ့ရဲ့ကြောင်းကျိုး သတ္တိအားလျော်စွာ ကျေးဇူးပြုသွားမှာပါ။ တစ်ကယ်လို့ ဘ၀မှာ အခက်အခဲတစ်စုံတစ်ရာ ကြုံခဲ့ရင်တောင်မှ ပြုခဲ့တဲ့ မာတာပိတု ဥပဌာနမင်္ဂလာကို သစ္စာဆိုပြီး ဖြေရှင်းပစ်လို့ ရပါတယ်။

ကဲ ညခင်းတို့လည်း သားဆိုး သမီးဆိုးတွေထဲ မပါတဲ့အတွက် တတ်နိုင်သမျှ မိဘတွေကို ကျေးဇူးဆပ်ရင်း ... ပညာရှိအမတ်ကြီး ဦးချိမ့် ရဲ့နည်းကို နည်းနည်းလောက် စမ်းကြည့်လိုက်ရအောင်..။ အစစအရာရာ အဆင်ပြေသွားအောင်လေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

10 comments:

flowerpoem said...

မှန်ပါတယ် မိဘရှိတုန်းမှာ ကျေးဇူးဆပ်ပါ မရှိတော့မှ မတမ်းတပါနှင့် . ပြီးတော့ တရားဓမ္မဖြင့် ကျေးဇူးဆပ်ခြင်းသည် အကြီးမားဆုံးကျေးဇူး ဆပ်ခြင်း ဖြစ်ပါတယ်ရှင်
ညီမလေး ညခင်းလည်း မိဘတွေရှိတုန်းမှာ အတတ်နိုင်ဆုံး ကျေးဇူးဆပ်နိုင်ပါစေရှင်..

နေမင်းသံစဉ် said...

တကယ်ကောင်းတဲ့ ပို့စ်လေးပါဘဲ။မှတ်သားသွားပါတယ်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

Anonymous said...

မျှဝေပေးလို့ကျေးဇူး..။ မှတ်သားစရာပါ..။

Phyo Evergreen

mgnge said...

Thanks for sharing ur knowledge

တောင်ပေါ်သား said...

လာလည်ပြီး အမေ့အကြောင်း မျှဝေတာလေးတွေ ခံစားသွားပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..


လေးစားလျက်
တောင်ပေါ်သား

ပုလုကွေး said...

ကျေးဇူး ပါဗျာ..အမတ်ကြီး ဦးချိမ့်အကြောင်းမဖတ်ဘူးဘူး။

နေ့အိပ်မက် said...

ဒီအကြောင်း မကြားဖူးဘူးရှင့်... ကျေးဇူးပဲ တင်ပေးတာ...

မိုးခါး said...

း)
ကြိုးစားမယ်နော်

အိမ် said...

မှတ်သားသွားပါတယ်ဗျာ။ ကျနော်ကတော့ ရုပ်
ဝတ္ထုတွေနဲ့ ထောက်ပံျွှ့နိုင်ပေမဲ့ တရားနဲ့ပက်သတ်တာတော့ မပေးနိုင်ဘူးဗျ
ကိုယ်တိုင်က ဘာမျွှန်းမသိသေးလို့ပါ.. ဟီး

ဝလုံးဝိုင်းဝိုင်း said...

သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ. လေးဖြာ ဓမ္မ ပြည့်ဝစေခြင်း.. မိဘကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်ခြင်း။ အမွန်မြတ်ဆုံးသော ကျေးဇူး ဆပ်ခြင်းလေးကို မှတ်သားသွားပါတယ်။ ချမ်းမြေ့ပါစေ။ လေးဖြာဓမ္မကို ကိုယ်တိုင်လည်း ဖြည့်ကျင့်ရဦးမှာ ပါလား။ ပို့လေးအတွက် ကျေးဇူးပါ မမညခင်း။

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere