မိန်းမမြတ်အပြုံး

နန်းဒေ၀ီ ဥဒုမ္ဗရကိုဖြင့်

လှမ်းမခြွေပြီ လူ့ သုညပါကလား

ယခုကြုံရတာ မလျော်ပါချေသမို့

တော်ရာနေ တော်ရာပြေးတော့မယ်တဲ့

အတွေးအိမ် သိမ်နုတ်လှပါဘိ

ပိဂုတ္တရ ထိုလုလင်။

အတောင်နှစ်ဆယ်သာ ထုံးနှောင်ဝတ်ခဲ့သော်လည်း

ရှောင်ဖယ်ရှာ သုံးတောင်ဝတ်တောင်မှ

ဇွတ်ရှောင်ကာ လွတ်အောင်ပြေးခဲ့လေတော့

ဝေးခဲ့ပြီ မခင် မကြင်လည်း

ရှင်ဘုရင် တော်ကောက်ပြန်တော့

တစ်ယောက်သခင် မိဖုရား အဖြစ်ရယ်နဲ့

ပွားသစ်ဂုဏ်အင်။

ခရီးဖော်အစဉ် ဘုရင်အတွက်ပေမို့

စီးတော်ဆင် ယာဉ်အထက်ဆီက

တစ်ရက်ခါ အသိုင်းအ၀န်းတွေနဲ့

တိုင်းခန်းလှည့်လည်စဉ်ပေါ့

ခွေဆံပင် နှောင်လိမ်ရှုပ်ကယ်နဲ့

သွေမခင် မောင်ပိန်ဂုတ်ကိုတဲ့

ရုတ်တရက် လှမ်းလို့မြင်

အသွင်အပြင်က ညှိုးခွေနုန်း။

သြော်ဆင်ခြင်ပြန်တော့ မိုးမြေတစ်နှုန်း။

အပေးနဲ့ အယူ

ပေးတဲ့သူ ကြည်ဖြူပါလည်း

ညီ မတူ သည်လူအမိုက်ရယ်နှင့်

ဘုန်းမတန် ကံမထိုက်လေတော့

အသုံးခံ မပန်ထိုက်တဲ့ပြင်

ပန်ခိုက်ကယ် မဆုံချေဘူး

ကြုံပလေ ဘုံဗွေရှုလိုက် ပြန်တော့

အမှုစုံ ယခုကြုံရတယ်လို့

ဥဒုမ္ဗရ ဒေ၀ီတစ်ပါးကတော့ဖြင့်

(အများအလယ်မှာ စကားအကျယ် မပွားချင်သမို့)

သြော်သနားတယ်လို့ ပြုံး။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere