အပြုံးစက်ရုံ

အပြုံးစက်ရုံက ထုတ်လုပ်လိုက်တဲ့ စက်ရုံထုတ်အပြုံးတွေ လူတွေ ရဲ့ မျက်နှာတွေဆီ ပို့လိုက်ပါတယ်။
ဈေးမများဘူး။ မျက်နှာများက ၀ယ်ပြုံးနိုင်ပါတယ်။
ဒါပေမဲ့ အပြုံးအဖြစ် ပြုလုပ်တဲ့ ကုန်ကြမ်းတွေကို တော့ စက်ရုံက အထူး လျှိုဝှက်ထားပါတယ်။
စက်ရုံရဲ ဂိုဒေါင်ထဲမှာတော့ ကုန်ကြမ်းတွေဖြစ်တဲ့ အမုန်းများ၊ မာနများ၊ စောဒကများ၊ ဒေါသများ
စတဲ့ အရာတွေ အလုံအလောက် စုဆောင်းသိုလှောင်ပြီးသား ဖြစ်ပါတယ်။ တစ်ချိန်ကျရင် ဒီကုန်ကြမ်း
တွေဟာ ကုန်ချောအဖြစ် အပြုံးတွေ ထွက်လာကြမှာ ဖြစ်ပါတယ်။
ကုန်ချောဖြစ်တဲ့အခါ စက်ရုံက မျက်နှာမြို့ တွေဆီကို ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းတွေက တစ်ဆင့်
အလုံးအရင်းနဲ့ တင်ပို့ပေးမှာ ဖြစ်ပါတယ်။
အခုလောလောဆယ်ဆယ်မှာတော့ စက်ရုံအနေနဲ့ ပြည်ပမျက်နှာများ …ဆီ ပို့ပေးနိုင်မှာ မဟုတ်သေးပါဘူး။
ပြည်တွင်း မျက်နှာများ အတွက်ကိုတောင် လောက်ငှအောင် ဖြန့်ဖြူး နိုင်ဖို့ မနည်းကြီး ကြိုးစားနေရပါတယ်။
ပြည်တွင်မှာလည်း အတော် အ၀ယ်လိုက်နေပါတယ်။
စက်ရုံမှာ ကုန်ကြမ်းအတွက် အခက်အခဲမရှိတာကလည်း မျက်နှာတွေအတွက် ရင်အေးစရာပါ။ အမုန်းဟာ
သွေးလမ်းကြောင်းအတိုင်း လည်ပတ်ပြီး အပြုံးအဖြစ် ထွက်လာနိုင်သလို အခြားကုန်ကြမ်းတွေ ဖြစ်တဲ့
မာနများ ၊စောဒကများ၊ ဒေါသများကလည်း အမုန်းလိုပဲ စက်ရုံထဲက သွေးလမ်းမှာ လည်ပတ်ပြီးရင်
အပြုံးကုန်ချောတွေ အဖြစ် ထွက်လာတော့ တာပါပဲ။
စက်ရုံ ရဲ့ဆောင်ပုဒ်က
..::အပြုံးမေ့တဲ့ မျက်နှာတွေ အပြုံးဝယ်ကြပါ ::..
ဖြစ်နိုင်ရင်…ဒီစက်ရုံလေး ရှိစေချင်လိုက်တာ…အပြုံး ချွေတာသူများအတွက် …..
ညခင်း ကိုယ်တွေ့ပါ။ အတ္တမာနတွေနဲ့ ပြုံးပြဖို့ မေ့နေတတ်ကြတဲ့ လူတွေ တဖြေးဖြေးနဲ့ များလာပြီ။
ဝယ်လို့ရရင် လက်ဆောင်အဖြစ် ပြန်ပေးလိုက်ချင်လို့ပါ။
အားလုံးပြုံးပျော်ရွှင်နိုင်ကြပါစေ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere